ကျွန်တော်ပြောသော စင်္ကပူ - အပိုင်း ( ၃၅ ) ( Henry Aung )

avatar
(Edited)

111.jpeg

မင်္ဂလာပါ။ ကျွန်တော်၏ မပြီးပြတ်သေးသော စင်္ကပူလုပ်ငန်း ခွင် အတွေ့အကြုံ အကြောင်း ဆက်ကြပါအုံးစို့။ ဤ စာအုပ်ဖြန့်ချီသော Warehouse ဖြစ်သည့် Pensing ကုမ္ပဏီတွင် အလုပ်လုပ်ရသည်မှာ ၃ လလောက် အလုပ်လုပ်လိုက်ရလျင် အတော်လေး အသားဖြူသွားပါသည်။

အဘယ့် ကြောင့် ဆိုသော် နေရောင်လုံးဝမထိရသော ကြောင့် ဖြစ်ပါသည်။ မနက် ၇ နာရီ အလုပ်ထဲရောက်ရန် နံနက် ၅:၃၀ ထ / ကိုယ်လက်သန့်စင် / ယူနီဖေါင်း ဝတ် / တွေ့သည့် ကော်ဖီဆိုင် ( စင်္ကပူတွင်တော့ Hawker Center ဟုခေါ်ပါသည်) မှ နံနက်စာ ခေါက်ဆွဲကြော် သို့မဟုတ် ကြာဆံကြော် ဝယ်သွား နံနက် ၆ နာရီ အမှီ ကုမ္ပဏီ မှ စီစဉ်ပေးသော Bus ကား စီး / Warehouse သို့ ၆:၃၀ ရောက် / နံနက်စာ စား/ နံနက် ၆:၅၀ ဆိုလျင် Warehouses အတွင်းသို့ ဝင် အလုပ်စလုပ်။

နံနက် နေရာင်ခြည် မထိရသလို ညနေ အလုပ်ဆင်းချိန်ကလည်း ည ၇ နာရီထိုးပြီ ဖြစ်သော ကြောင့် မှောင် နေပြီ ဖြစ်ပါသည်။ တနေကုန် Aircon ခန်းထဲတွင် အလုပ်လုပ်နေရသည့် အပြင် နေရောင် မထိရသော ကြောင့် ဖြူဖပ်ဖြူရော် ဖြစ်လာခြင်း ဖြစ်ပါသည်။ ဆိုတော့ နေပူ လေပူ ထဲ လုပ်ရသည့် သင်္ဘောကျင်း အလုပ်နှင့် တခြားစီဖြစ်ပါသည်။

ဤ သည်ကို Warehouse တွင် အလုပ်လုပ်နေကြသော အချို့သူများက တနေကုန် Aircon ခန်းထဲ အလုပ်လုပ်ရသော်လည်း ပင်ပန်း လိုက်တာဟု ညည်းသံကြားတိုင်း ကျွန်တော်ပြုံးမိပါသည်။ ငရဲကလာ ပြာပူမကြောက် ဟူသော စကားသည် ကျွန်တော့ အတွက် ဖြစ်လိမ့်မည်ဟုထင်ပါသည်။

ယမန်နေ့က ဆောင်းပါးတွင် Outbound အကြောင်း ဖေါ်ပြ၍ စာအုပ်များ ထုပ်ပိုးသည့် နေရာတွင် ရပ်ထားခဲ့ပါသည်။ ဤ စာအုပ်ထုပ်ပိုးသော Packing ဌာနတွင် အမျိုးသမီးများသာ ရှိပါသည်။ အန်တီကြီးများ / မိန်းခလေးများ / မိန်းမကြီးများ စသည်ဖြင့်။ Inbound နှင့် Outbound တွင် ယောကျ်ားလေးများသာ ဖြစ်ပါသည်။

ဤ စာအုပ်များ ထုပ်ပိုးရာတွင်လည်း ထုပ်ပိုးသူက Order စာရွက်မှ စာအုပ်စာရင်း နှင့် ကောက်လာသော စာအုပ်အရေတွက်ကို သေချာစစ်ရပါသေးသည်။ ထို့နောက်တော့ ကတ္ထူ စက္ကူပုံး များတွင် စာအုပ်အား သေချာစွာ ထည့်ရပါသည်။ စာအုပ်အနည်းအများအလိုက် ကတ္ထူ စက္ကူပုံး ဆိုဒ်စုံ ရှိပါသည်။

ဤ စာအုပ်များ ထုပ်ပိုးခြင်း ၏ အနုပညာ တရပ်မှာ အကယ်၍ တစုံတယောက် မှ ထုပ်ပိုးပြီးသော ကတ္ထူ စက္ကူ ပုံး အား လှုပ်ကြည့်လိုက်လျင် အထဲတွင် ထည့်ထားသော စာအုပ်များ ရွေ့လျား သံမကြားရသည်အထိ သပ်သပ်ရပ်ရပ် ထည့်ရခြင်း ဖြစ်ပါသည်။

ဆိုလိုသည်မှာ အထဲတွင်ထည့်ထားသော စာအုပ်များကြားတွင် ဟာကွက် မရှိစေရ / လှုပ်လိုက်လျင် စာအုပ်များ ရွေ့မသွားအောင် ဖော့များ ခံခြင်း အခြားသော ကတ္ထူ အပိုင်းအစများ ဖြတ်ယူ၍ ကြားခံထည့်ခြင်းဖြင့် သေသေသပ်သပ်ထုတ်ပိုးရပါသည်။

ဤသည်မှာ Packing Supervisor ၏ အလုပ်ဖြစ်ပါသည်။ သူအနေဖြင့် packing ဌာန တွင် လူသစ်ရောက်လာလျင် ထုပ်ပိုးပြီးသော ကတ္ထူပုံးများအား လှုပ်လှုပ်ကြည့်ရသည်မှာ အလုပ်တခု ဖြစ်ပါသည်။

ဤသို့ ဖြင့် စာအုပ် ထုပ်ပိုးသူသည် Order တခုအား ထုပ်ပိုးပြီးသွားလျင် စက္ကူပုံးပေါ်တွင် Order paper မှ Order Number အား ဆော့ပင်ဖြင့် ထင်ထင်ရှားရှား ရေးပေးရပါသည်။ ထို့နောက် ထို Order Paper အား အမှန် ခြစ်လိုက်ကာ မိမိလက်မှတ်ထိုးလိုက်ရပါသည်။ ထို့နောက်တော့ နောက်ထပ် Order တခုအား ထပ်မံထုပ်ပိုး။

ကျွန်တော်ရေးသား နေသည်ကမှ ကြာပါသေးသည်။ ထို အမျိုးသမီး တို့ ထုပ်ပိုးနေသည်မှာ သွက်သွက်လက်လက် စက်ရုပ်များ အလုပ်လုပ် နေသည်နှင့်ပင် တူပါသေးတော့သည်။

ဤ Warehouse တွင် အလုပ်လုပ်ရသည်မှာ Inbound ကလည်း စာအုပ် ဘယ်နှစ်အုပ်သွင်းသည်ဟူသော KPI / outbound ကလည်း စာအုပ် ဘယ်နှစ်အုပ် ကောက်သည်ဟူသော KPI / ထုပ်ပိုးသူများကလည်း တပတ်လျင် စာအုပ်မည်မျှ ထုပ်ပိုးနိုင်သည်ဟူသော KPI / အလုပ်အားလုံးအား KPI ( Key Performance Indicator ) ဖြင့် ထိန်းချုပ်ထားပါသည်။

မည်သူမျှ မိမိအလုပ်လုပ်သည်မလုပ်သည်အား လာမကြည့် သလို စိတ်လည်း မဝင်စားပါ။ အချိန်တန်လျင် မိမိအလုပ်လုပ်ကြောင်း မလုပ်ကြောင်း KPI က ဖေါ်ပြပေးပါသည်။ ညနေ ၃ နာရီထိုးလျင် Printer မှ Order Paper များ ထပ်မထွက်လာတော့ပါ။ ၃ နာရီ မထိုးခင် ထွက်လာသော Order များအားလုံး တနေ့အတွင်း အပြီးကောက် ပေးရမည် ဖြစ်သလို ထို ကောက်ထားသော Order များအားလုံး လည်း ထုပ်ပိုးပြီးရမည် ဖြစ်ပါသည်။

ထို့နောက်တော့ တနေ့တာ ထုပ်ပိုးပြီးသွားသော order များအား Packing Supervisor က Order Paper များဖြင့် ပြန်စစ်ရပါသည်။ ထို့နောက်တော့ နောက်တနေ့နံနက်တွင် Delivery သမားများက စက္ကူပုံးပေါ်တွင် ရေးထားသော Order Number များအားကြည့်ကာ တခုပြီး တခု လာကောက်သွားကြပါတော့သည်။ Delivery အကြောင်း တော့ မိတ်ဆွေတို့လည်း သိကြသည်မို့ အသေးစိတ်မရေးတော့ပါ။

ဤ သည်ကို ကြည့်ခြင်း အားဖြင့် Pensing ၏ စာအုပ်ဖြန့်ဝေသည့် စနစ်သည် ယနေ့ ၃ နာရီမထိုးခင် စာအုပ်မှာလျင် မနက်ဖြန် အိမ် / ဆိုင် အရောက်ပို့ပေးသော စနစ်ဖြစ်ပါသည်။ ဤ သည်မှာ လွန်ခဲ့သော ၁၂ နှစ်ခန့်က စင်္ကပူတို့ အသုံးပြုနေသော Online System ဖြစ်ပါသည်။

ဤ နေရာတွင် စာအုပ်ဖြန့်ချီသော လုပ်ငန်းနှင့် မဆိုင်သော်လည်း ဗဟုသုတ အနေဖြင့် အကြောင်းအရာ တခုဖေါ်ပြပေးလိုပါသည်။ ဤ Warehouse လုပ်ငန်းတွင် ဆိုင်ရာ ဆိုင်ရာ Warehouse Management ရှိပြီးဖြစ်ပါသည်။ Warehouse Manager / Executive / Warehouse Staff / Data Entry staff စသည်ဖြင့် သူ့ရုံးနှင့် သူ့ ဝန်ထမ်းနှင့် ရှိပြီး ဖြစ်ပါသည်။

ထို ရုံးဝန်ထမ်း အလုပ်လုပ်ကြသူအားလုံး ရုံးပေါ်တွင် Computerနှင့် အလုပ်လုပ်ကြခြင်း ဖြစ်ပါသည်။ ကျွန်တော်ရေးပြသော Inbound / Outbound/ Packing / Delivery / Return ( return အကြောင်း သီးသန့်ရေးပြပါမည် ) စသည်တို့တွင် လုပ်နေကြသူတို့မှာ သာမန်အောက် ခြေ အလုပ်သမားများ ဖြစ်ပါသည်။

ဤ အောက်ခြေ အလုပ်သမား များတွင် စင်္ကပူ နိုင်ငံသားများ ပါဝင်နေခြင်း ဖြစ်ပါသည်။ သင်္ဘောကျင်း ကဲ့သို့သော နေရာ၌ အောက်ခြေ အလုပ်သမား အလုပ်တွင် စင်္ကပူ နိုင်ငံသားများ လုံးဝ မလုပ်ကြသော် လည်း ဤ Aircon နှင့် လုပ်ရသော Warehouse အလုပ်တွင် စင်္ကပူ နိုင်ငံသားများအား တွေ့ရပါသည်။

အမျိုးသား / အမျိုးသမီး များ တနည်းအား ဖြင့် ပညာမတတ် သော စင်္ကပူ နိုင်ငံသားများ ဖြစ်ပါသည်။ ဤတွင် မိတ်ဆွေမေးစရာ ရှိလာသည်မှာ စင်္ကပူ နိုင်ငံကဲ့သို့ တိုးတက်ပြီးသော နိုင်ငံတွင်လည်း ပညာမတတ်သော လူငယ် လူရွယ်များ ရှိပါသလောဟူ၍။ ဟုတ်ကဲ့ ရှိပါသည်။

စင်္ကပူ နိုင်ငံသား တိုင်း ပညာတတ်များ မဟုတ်ကြပါ။ အချို့က အထက်တန်းကျောင်း ပင် မရောက်ကြသလို အချို့ကလည်း မိဘများ မတတ်နိုင်သော ကြောင့် ကျောင်းမပြီးကြခြင်း ဖြစ်ပါသည်။ စင်္ကပူ တွင် ဘွဲ့ရတယောက် ဖြစ်ရန် ကုန်ကျစရိတ် အလွန်ကြီးပါသည်။

လူတိုင်း တက္ကသိုလ် မရောက်နိုင်ပါ။ အများဆုံးရောက်သည်က ကောလိပ် အဆင့်နှင့် ဒီပလိုမာ သာ ဖြစ်ပါသည်။ တက္ကသိုလ် ဘွဲ့ရဆိုလျင် လုပ်ငန်းခွင် ရောက်သည်နှင့် မန်နေဂျာ အဆင့်ဖြင့် နေရာရပါသည်။ ဆိုတော့ အနည်းငယ် သွက်လက်သော လူငယ်တို့က Polytechnic ဟူသော စက်မှုလက်မှု ကျောင်းသို့ ဝင်ခွင့်ဖြေကာ အင်ဂျင်နီယာ ဖြစ်နိုင်သော အခွင့်အရေး ရကြပါသည်။

ဒီပလိုမာ လောက်ရကြသူများကတော့ Computer နှင့် လုပ်ရသော Office Staff ဟူသော ရုံးလုပ်ငန်း ဝင်ရောက်လုပ်ကိုင်ကြပါသည်။ ကျွန်တော်ပြောသော အောက်ခြေ အလုပ်လုပ်သော စင်္ကပူ နိုင်ငံသားတို့မှာ အကြောင်းကြောင်းကြောင့် ပညာရေး ဆုံးခန်း မတိုင်ကြသူများ ​ဖြစ်ပါသည်။

လူငယ် မောင်မယ် အချို့ကလည်းကျောင်း လူဆိုးများ ဖြစ်သောကြောင့် ကျောင်းထုတ်ခံရသူများ ဖြစ်ကြသလို အချို့ကလည်း ညဏ်မကောင်းသောကြောင့် ကျောင်းထွက်လာကြသူများလည်း ရှိပါသည်။ ကျွန်​တော့ အနေဖြင့် ဤသို့ ရေးပြရသည်မှာ စင်္ကပူ နိုင်ငံသည် အလွန်တိုးတက်ဖွံ့ဖြိုးသော်လည်း အောက်ခြေ လူတန်းစား များရှိသေးသည် ဆိုသည့် အကြောင်း သိစေလိုရင်း ဖြစ်ပါသည်။

ဤ စင်္ကပူ အောက်ခြေ လူတန်းစားမှာ ပညာ မတတ်သော်လည်း စင်္ကပူ နိုင်ငံသား ဟူသော မာန် ကြောင့် အခြားနိုင်ငံမှ အလုပ်သမား များအား စီးပိုး ချင်ကြပါသည်။ မြန်မာ စကားဖြင့် ပြောရလျင် သုံးယောက်ပေါင်း၍ မျှ ၁၀ တန်းမအောင် သူတို့က မြန်မာပြည်မှ ဘွဲ့ရလာသူတို့အား စီးပိုး လိုခြင်း ဖြစ်ပါသည်။ မတတ်နိုင်။ ကိုယ်က မြန်မာနိုင်ငံတွင် လူဖြစ်လာရပြီကိုး။ ကိုယ့်နိုင်ငံက သူ့နိုင်ငံလောက် အဖြစ်မရှိသဖြင့် သူ့နိုင်ငံတွင် အလုပ်လာလုပ်ရပြီဆိုတော့ သည်းခံရသည်ပေါ့။

ဤ စင်္ကပူ နိုင်ငံ၏ မတူညီသော သော လူတန်းစားများ အကြောင်း နှောင်တွင် အကျယ်ချဲ့၍ ရေးသား ဖေါ်ပြပေးပါမည်။

ဆက်လက်ဖေါ်ပြပေးပါမည်။

Henry Aung ( Kachin )

25/01/2022 - Tuesday - 18;13 Pm



0
0
0.000
13 comments
avatar

​အောက်​​ခြေသိမ်း စင်္ကာပူလုပ်သား​တွေနဲ့ ဘွဲ့ရမြန်မာလုပ်သား​တွေ လုပ်အားခ အတူတူရတာလား ကိုဟင် တစ်နှစ်ထက်တစ်နှစ် အဘက်ဘက်က ဆုတ်ယုတ်လာလိုက်တာ နှစ်​တွေ အ​တော်ကြာ​တော့ အရမ်းကို ကွာဟသွားတာပဲ​နော်

0
0
0.000
avatar

မရဘူး မစုလှိုင်... အရင်ဆောင်းပါးမှာ ကျွန်တော်ရေးပြခဲ့သလို ကျွန်တော့ လစာ အပြည့် ရရင်တော့ သူတို့ကို သာပါတယ်။ သူတို့လို အခြေခံ အလုပ်သမားတွေရတာ အလွန်ဆုံး စင်္ကပူ 1200$ ပါပဲ။ ရုံးပေါ်မှာ Computer နဲ့ Staff လုပ်နေတဲ့ စာရေးမတွေလည်း $1400 / $1600 ထက်မပိုဘူး။ အဲဒါတွေ နောက်ပိုင်း ရေးပြပါ့မယ်။

0
0
0.000
avatar

ကိုဟင်ရေ ကျွန်တော်ခု မနက် ငါးနာရီပုံမှန်ထဖြစ်တယ်
ညဘက်တော့ ၁၀:၃၀ လောက် အိပ်ယာဝင်တယ်

အလေ့အကျင့်ရအောင် လုပ်နေတာလေ

0
0
0.000
avatar

စောစော အိပ်ပြီး စောစောထတဲ့ အကျင့်က အင်မတန်ကောင်းပါတယ်။ ..!PIZZA

0
0
0.000
avatar

အေးပေါ သူတို့နိုင်ငံမှာ လာလုပ်တော့ နိုင်စားချင်တာပ
လူတွေရဲ့များသောအားဖြင့် ဖြစ်တတ်တဲ့ စိတ်သဘောပါ။
!PIZZA
!LOL

0
0
0.000
avatar

အေးပေါ့.... သူတို့ကနိုင်ငံသား ကိုယ်တွေ ရွှေ့ပြောင်းလုပ်သား တွေကိုး...!PIZZA

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
htwegyi tipped kachinhenry (x1)
uthantzin tipped kachinhenry (x1)
kachinhenry tipped htwegyi (x1)
kachinhenry tipped nyimwa (x1)
@kachinhenry(4/15) tipped @uthantzin (x1)
kachinhenry tipped johndieo (x1)

You can now send $PIZZA tips in Discord via tip.cc!

0
0
0.000
avatar

အာ့ဆို စင်ကာပူက လူတွေက အိမ်ကျယ်တွေပေါ့:D

0
0
0.000
avatar

အမှန်က သူတို့က သနားစရာ ကောင်းတာရယ်... နောက်မှ သေချာရေးပြပါ့မယ် !PIZZA

0
0
0.000
avatar

ကိုယ်တွေက မြန်မာနိုင်ငံလာတာ ဖြစ်နေတာကိုး...အင်း မြန်မာဟေ့ မြန်မာပဲပေါ့...!PIZZA ဆက်အားပေးမယ်အစ်ကို

0
0
0.000
avatar

အားပေးတဲ့ အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ !PIZZA

0
0
0.000