အရင်အတိုင်း

လျှပ်စစ်မီးက အရင်လို ပြန်ဖြစ်သွားခဲ့ပြီ။ အရင်လို ပျက်တလှည့် မလာ တလှည့် ပြန်ဖြစ်သွားခြင်း ဖြစ်၏။ အတိအကျ ဆိုရရင် ယခင်ထက်ကို ပိုဆိုးသွားသေး၏။ ပျက်ချိန် ပိုလို့ များလာခဲ့၏။ ငလျင်လှုပ်ပြီး နောက် ၄၊၅ ရက်လောက် မီးမရပေ။ မီးပြန်ရတော့ ယခင်ထက်စာရင် အချိန်တွေ ပိုပြီး ပေးတာမျိုး ရှိ၏။ သင်္ကြန်တွင်းတုန်းကဆို ပျက်ရက်မရှိကို လာသွားခဲ့၏။ တရက်ကို ခဏလောက်လေးသာ ပျက်၏။ ထိုသို့ လာနေသဖြင့် မီးများ မှန်မှန်ပေးတော့မလားဟု ထင်မိခဲ့သေး၏။ ထင်ယုံလောက်သာပါ မပေးမှန်း သိပါ၏။ ပြည်သူကို စေတနာ မရှိသူများ မဟုတ်ပါလား။

ငလျင်ဒဏ်သင့် အိမ်မှ သူတဦး ရိုက်ပြထားသည့် video file လေးတခု ကြည့်ရ၏။ ငလျင်ကြီး လှုပ်ပြီးသွားလို့ အိမ်အခြေအနေလေး သိရရန် သွားပြန်ကြည့်ပါတယ်ဆို တံခါးကြားမှာ မီတာစာရွက်လေး ညှပ်ထားခဲ့သေးသည် ဆို၏။ ဒီလောက် အသက်အိုးအိမ် စည်းစိမ်တွေ ထိခိုက်ပျက်စီး ဆုံးရှုံးထားပါတယ်ဆိုမှ မီတာဆောင်ခိုင်းချင်နေသေးသည့် အစိုးရ ဖြစ်ချေ၏။ ထိုသို့သောသူတွေထံကနေ လျှပ်စစ်မီး မှန်မှန်ရလိမ့်မည် ဆိုသည့် ကိစ္စက မဖြစ်နိုင်သည့် ကိစ္စပင်။

အရင်လို အချိန်နဲ့ ပြန်ဖြစ်သွားရင်တောင် ပျက်ချိန် လာချိန်လေးတော့ မှန်စေချင်ပါ၏။ ခုက ထိုသို့ မဟုတ်နေပေ။ ပျက်ချိန်က တိကျလွန်းနေ၏။ တခါတလေဆို လာချိန်ထဲကနေပါ ယူပြီး ဖျက်လိုက်သေး၏။ ပျက်ချိန်ကို bonus လေးနဲ့ပေါ့။ အဆိုပါ လာချင်သလို လာနေသော လျှပ်စစ်မီးကြောင့် အမေ့မှာလည်း လုပ်ရကိုင်ရ ခက်နေလေတော့၏။ စားဖို့ သောက်ဖို့ ချက်ရေး ပြုတ်ရေးက ရှိသေးသည်မလား။ မီးလာချိန် ကမန်းကတန်း အချိန်မှီအောင် ချက်ရပြုတ်ရ၏။ ဟင်းချက်နေရင်း တန်းလန်း ပျက်သွားတာမျိုးက ရှိသေး၏။

လူစားဖို့က သိပ်ကိစ္စ မရှိပေ။ ဆွမ်းတော် တင်ခြင်းနှင့် ဆွမ်းလောင်းလှူသည့် ကိစ္စမှာတော့ အဆင်မပြေတော့ပေ။ မနက် ဆွမ်းဟင်းအတွက်ကို ညဦး ကတည်းက ကြိုချက်ထား၏။ ဆွမ်း အတွက် ထမင်းအိုးကိုက ပေါင်းအိုးနဲ့ နှိပ်၏။ ညဦး ၇ နာရီ၊ ၈ နာရီလောက် ပျက်သွားရင် ည ၁၂ နာရီ၊ ၁ နာရီ လောက် လာချင် လာတတ်၏။ အဲ့အချိန် ထပြီး ခလုတ်နှိပ်ရ၏။ တခါတလေကျ လာချိန်မှာ မလာတော့ဘဲ မနက် ၄ နာရီမှ ထပေးတာမျိုးလည်း ရှိ၏။

တခါတလေကျ ည ၁၀ နာရီ လာတတ်ပြီး ၁၂ နာရီ၊ ၁ နာရီလောက်ကျ ပြန်ပျက်သွားလေ့ ရှိ၏။ မနက် ၄ နာရီ မလာတော့ဘဲ မနက် ၆ နာရီမှ လာရင် လုပ်ရ ကိုင်ရတာ ကသီတော့၏။ ဆွမ်းခံ သံဃာတွေက ကြွလာတော့မယ်၊ ထမင်းဦးက မရသေးနဲ့ အတော်ဆိုးလှ၏။ သာသနာပြု မီးကြီး လက်ထက်မှာ သာသနာကို အထောက်အကူ ပြုပေးနေပုံ ပြောပါတယ်။



0
0
0.000
13 comments
avatar

လျှပ်စစ်မီးက ရေအားလျှပ်စစ် ဆိုတော့ သူတိုလည်း ရေတွေမကုန်အောင် ချွေပေးရတာလည်း ပါတယ်။ သကြန်တုန်းက စက်ရုံတွေပိတ်တာရယ် ရာသီဥတု အေးတာကြောင့်လည်း ပိုပေးနိုင်တာတဲ့။ အခုက ရာသီဥတုက ပူတော့ မီးပိုသုံးကြ စက်ရုံတွေလည်း ပြန်ဖွင့် တော့ အရင်လို ပြန်ဖြစ်သွားရော။ မြန်မာမှာက လျှပ်စစ်ပေးနိုင်တဲ့ အရင်းအမြစ်တွေ စီမံကိန်းတွေ ပိုလုပ်ဖို့ လိုနေသေးတယ်။
!PIZZA
!LUV

0
0
0.000