2022 prediction ( All Numbers)

avatar
(Edited)

19.png
ယူနီဗာဆယ်နှစ် ၂၀၂၂ တွင် လူတဦးချင်းစီအတွက် တနှစ်တာ စိုးမိုးမှုဂဏန်းအားလုံးကို တစုတစည်းတည်း ဖော်ပြပေးလိုက်ပါသည်။ မိတ်ဆွေများအနေဖြင့် Reblog လုပ်၍၎င်း၊ ဖုန်း သို့မဟုတ် ကွန်ပြူတာတွင်၎င်း၊ ဆန္ဒရှိပါက သိမ်းဆည်းထားနိုင်ပါသည်။

ယခုနှစ် ၂၀၂၂ ကို တလုံးတည်းဖြစ်အောင် ပေါင်းပါက ၆ ဂဏန်း ရရှိသည်။ ယူနီဗာဆယ်နှစ် ၂၀၂၂ ကို အသုံးပြု၍ လူတဦးချင်းစီအတွက် တနှစ်အတွင်း စိုးမိုးမှုဂဏန်းကို ရှာဖွေသော နည်းလမ်း ရှိပါသည်။

သင်၏ မွေးရက်၊ မွေးလ ကို သိရှိရပါမည်။ မွေးနှစ်ကို တွက်ချက်ရာတွင် အသုံးပြုရန် မလိုပါ။ (မွေးရက် + မွေးလ + ယခုနှစ် ) တို့ကို တလုံးတည်းဖြစ်အောင် ပေါင်းခြင်းအားဖြင့် တနှစ်တာ စိုးမိုးမှုးဂဏန်းကို ရရှိနိုင်ပါသည်။

မော်ဒန် သင်္ချာဗေဒဖြင့် တနှစ်တာ စိုးမိုးမှုဂဏန်းကို ရှာဖွေရာတွင် ပေါင်းကိန်း ၁၁၊ ၂၂ ရရှိပါက ထိုဂဏန်းတို့သည် သီးခြား အဓိပ္ပါယ် ဖွင့်ဆိုချက်များ ရှိနေသောကြောင့် တလုံးတည်းဖြစ်အောင် ပေါင်းရန်မလိုပေ။

ဥပမာ - ၀၉.၀၇.၁၉၈၈ တွင် မွေးဖွားခဲ့သူ -

09 + 07 + 2022
9 + 7 + 6
22 (၂၀၂၂ စိုးမိုးဂဏန်း)

ဥပမာ - ၀၉.၀၈.၁၉၈၈ တွင် မွေးဖွားခဲ့သူ -

09 + 08 + 2022
9 + 8 + 6
23
5 (၂၀၂၂ စိုးမိုးဂဏန်း)

ထို့ကြောင့် ၀၉.၀၇.၁၉၈၈ တွင် မွေးဖွားခဲ့သူသည် ၂၀၂၂ တွင် (၂၂) ဂဏန်း ရရှိပါသည်။၀၉.၀၈.၁၉၈၈ တွင် မွေးဖွားခဲ့သူသည် ၂၀၂၂ တွင် (၅) ဂဏန်း ရရှိပါသည်။

ဤနည်းအတိုင်း တွက်ချက်သွားပါက ရှေ့လာမည့်နှစ်များအတွက် စိုးမိုးဂဏန်းများ သိရှိနိုင်ပါသည်။ ၉ နှစ်လျှင်တကြိမ် ဂဏန်းများ တပတ်လည်လာပါလိမ့်မည်။

စိုးမိုးမှုဂဏန်းက ဖော်ပြသော တနှစ်တာ ကိုယ်ပိုင်နှစ်ဂဏန်းသည် ထိုနှစ်တွင် လုပ်သင့်သော လုပ်ငန်းအခြေအနေ နှင့် အကျိုးတရားကို ဖော်ပြပါသည်။ ကိုယ်ပိုင်နှစ်ဂဏန်းမှ ဖော်ပြသော အဓိပ္ပါယ်သတ်မှတ်ချက်များအတိုင်း လိုက်လျောညီထွေဖြစ်အောင် ပြုမူကျင့်ကြံသင့်သည်ဟု ဆိုပါသည်။

ကိုယ်ပိုင် (1) ဂဏန်းရရှိသောနှစ် -

အခြေအနေအသစ်များ ကြုံတွေ့မည်။ ဤကဲ့သို့နှစ်မျိုး နောက် ၉ နှစ်ကြာမှ ပြန်တွေ့မည်။ ဆုံးဖြတ်မှု မလုပ်နိုင်သော အကြောင်းများကို အသစ်ပြန်လုပ်မည်။ လုပ်ငန်းသစ်များ တိုးချဲ့ရန်၊ အသစ်စတင်ရန် မစိုးရိမ်သင့်သောနှစ် ဖြစ်သည်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် ကြိုးစားရမည်။ ဤသို့ဖြင့် အောင်မြင်မှုများ ရမည်။ ဦးဆောင်နိုင်အောင် ကြိုးစားသင့်သောနှစ် ဖြစ်သည်။ အနေအထား ပြောင်းလဲ၍ လုပ်ငန်းသစ်များ လုပ်သင့်သည်။ ဤနှစ် လုံးဝမနားသင့်၊ ပြတ်ပြတ်သားသား စဉ်းစားပြီး အလုပ်ကို လုပ်သင့်သောနှစ် ဖြစ်သည်။

ကိုယ်ပိုင် (2) ဂဏန်းရရှိသောနှစ် -

ဤနှစ်မှာ အခွင့်အလမ်း ပိုပွင့်လာပြီး အခြေအနေကောင်းများ ရောက်လာသည်။ စိတ်ရှည်သည်းခံနေပါ။ ပါးနပ်စွာ ပြုမူဆောင်ရွက်ပါ။ ပူးပေါင်းဆောင်ရွက်မည့် မိတ်ဆွေများ သဘောတူညီချက်များ ရတတ်သောနှစ် ဖြစ်သည်။ သို့ဖြစ်၍ အေးဆေးငြိမ်သက်စွာ နေရမည်။ အနာဂါတ်အတွက် ကြိုတင်စုဆောင်းသင့်သည်။ ပြီးခဲ့သောနှစ် ကြိုးစားမှုသည် ယခုအခါတွင် အကျိုးကျေးဇူး ခံစားရပြီ ဖြစ်သည်။ လာမည့်နှစ်တွင် ဗဟုသုတများ အချိန်ရှိတိုင်း လေ့လာထားသင့်သည်။ သို့မှသာ အခွင့်အရေး ရမည်။ ကိုယ်ကျိုးမကြည့်ပဲ အခြားသူအတွက် ဆောင်ရွက်ပေးရမည်။

ကိုယ်ပိုင် (3) ဂဏန်းရရှိသောနှစ် -

ဤနှစ်တွင် တီထွင်ဖန်တီးမှု၊ စိတ်ကူးစိတ်သန်း၊ အယူအဆများ ဖော်ပြခွင့်ရသောနှစ် ဖြစ်သည်။ စာပေပို့ချခြင်း၊ ရေးသားခြင်းများ အကျိုးများသောကာလ ဖြစ်သည်။ စိတ်ကူးကို လက်တွေ့အကောင်အထည်ဖော်နိုင်သောနှစ် ဖြစ်သည်။ ယခုနှစ်သည် လူမှုရေးနှင့်ပတ်သက်သောနှစ်ဖြစ်သဖြင့် စိတ်ကျေနပ်မှု ရတတ်သည်။ အပေါင်းအသင်းများကို ရွေးပေါင်းရမည်။ ရယ်မောပျော်ရွှင်ရသောကာလ ဖြစ်သည်။ ခရီးသွားရန်ကောင်းသောနှစ် ဖြစ်သည်။ ဤနှစ်တွင် ငွေကြေး အစုလိုက်အပြုံလိုက် ဝင်သောကာလ ဖြစ်သည်။

ကိုယ်ပိုင် (4) ဂဏန်းရရှိသောနှစ် -

ပြီးခဲ့သောနှစ်သည် ပျော်စရာကောင်းသော ကာလဖြစ်ပြီး ယခုနှစ်သည် လက်တွေ့ကျကျ လုပ်ဆောင်ရမည်၊ ပြီးခဲ့သောနှစ်က အယူအဆများကို အကောင်အထည်ဖော်ရမည်။ ယခုနှစ်သည် အသေးစိတ်ခြင်း၊ စနစ်တကျလုပ်ဆောင်ခြင်း၊ အစီအစဉ်တကျ စီစဉ်ခြင်းများ လုပ်ရမည်။ မိမိနှင့် မိသားစုကျမ်းမာရေးကို အထူး ဂရုစိုက်ရမည်။ အကုန်အကျနည်းအောင် ချွေတာခြင်း၊ ကုန်ပစ္စည်းနှင့် ပတ်သက်၍ စနစ်တကျ လုပ်ဆောင်ရမည်။ ရုပ်ဝတ္ထုပစ္စည်း အခြေအနေ တိုးတက်မှု၊ အောင်မြင်မှုမှာ လက်တွေ့ကျကျ စီးပွားရေးလုပ်ဆောင်မှုတွင် မူတည်သည်။

ကိုယ်ပိုင် (5) ဂဏန်းရရှိသောနှစ် -

ပြီးခဲ့သောနှစ်က တနှစ်လုံး အပြောင်းအလဲအချို့ လုပ်ခဲ့ရသောကြောင့် လက်ရှိနှစ်မှာ အနားမရဘဲ အလုပ်များနေသည်။ အဟောင်းဟောင်းကို အတွေးအခေါ်သစ်များဖြင့် အစားထိုးလုပ်ခဲ့သော်လည်း နှေးနှေးကွေးကွေးဖြစ်သည့်အတွက် အနာဂါတ်အတွက် ပူပင်စရာများ ဖြစ်လာနိုင်သည်။ ခရီးသွားခြင်း၊ လှုပ်ရှားမှုများခြင်း၊ အလုပ်အမျိုးမျိုး လုပ်ကိုင်ခြင်းအတွက် ကောင်းသောနှစ်ဖြစ်သည်။ ယခုနှစ်သည် မိမိထုတ်ကုန်များကို ကြော်ငြာသင့်သောနှစ် ဖြစ်သည်။ ယခုနှစ်မှာ ဘဝအပြောင်းအလဲ တိုးတက်မှုများနှင့် ပြည့်နေ၍ စိတ်လှုပ်ရှားဖွယ်ကောင်းသောနှစ် ဖြစ်သည်။

ကိုယ်ပိုင် (6) ဂဏန်းရရှိသောနှစ် -

ပြီးခဲ့သောနှစ်က လွတ်လပ်စွာနေခဲ့ပြီး ယခုနှစ်မှာ အရင်းနှီးများ စုဆောင်းမိလိမ့်မည်။ လုပ်ငန်းတာဝန်နှင့် အိမ်တွင်းရေးကိစ္စများ ရင်ဆိုင်ရသောနှစ် ဖြစ်သည်။ အချစ်ရေးနှင့် လုပ်ငန်းကိစ္စများ ယခုနှစ်တွင် အထူးအရေးပါသောနှစ် ဖြစ်သည်။ ချစ်ခင်မှုနှင့် ဂရုဏာထားဖို့ လိုသည်။ တူညီသော အကျိုးခံစားရမည့်နှစ် ဖြစ်သည်။ ယခုနှစ်သည် အိမ်ဆောက်ခြင်း၊ အိမ်ဝယ်ခြင်း၊ စေ့စပ်ခြင်း၊ လက်ထပ်ခြင်း လုပ်သင့်သောနှစ် ဖြစ်သည်။ တာဝန်ဝတ္တရား ကျေပွန်အောင်ထမ်းဆောင်မှု၊ တွေ့ကြုံရမည့် ဝန်ထုပ်ဝန်ပိုးများကို ခွင့်လွှတ်မှုနှင့် နားလည်မှု ပေးနိုင်ခဲ့လျှင် ယခုနှစ်မှာ ငွေကြေးများစွာ ဝင်နိုင်သောကာလ ဖြစ်သည်။

ကိုယ်ပိုင် (7) ဂဏန်းရရှိသောနှစ် -

ယခုနှစ်မှာ အသိဉာဏ်ဘက် ဦးစားပေးရမည်။ နာမ်ပိုင်းဆိုင်ရာ သန့်ရှင်းစင်ကြယ်ရမည်။ တယောက်တည်းနေပြီး တရားအားထုတ်၍ စိတ်ပိုင်းဉာဏ်ပိုင်း တိုးတက်အောင် လုပ်သင့်သည်။ စီးပွားတိုးချဲ့ကာ လုပ်ငန်းသစ်များကို တိုးချဲ့လုပ်ကိုင်ရမည့်နှစ် မဟုတ်ပါ။ သို့ရာတွင် ယခင်က စတင်ပြီးလုပ်ငန်းများကို အဆုံးသတ်ရမည့်ကာလ ဖြစ်သည်။ ငွေကြေးကို အတင်းအဓမ္မမရှာဖွေခဲ့လျှင် ငွေးကြေးကောင်းသောနှစ် ဖြစ်သည်။ ဘဝမှာ ထိုးထွင်းဉာဏ်က အရေးကြီးသည်။ ၎င်းထိုးတွင်းဉာဏ်က မိမိကိုယ်ကိုယ်နားလည်ပြီး ကောင်းသထက်ကောင်းအောင် အထောက်အကူပြုပါသည်။ အရာရာကို အကျိုးအကြောင်းရှိရှိ သုံးသပ်နိုင်ပါမှ အသိအမှတ်ပြုခံရပါမည်။

ကိုယ်ပိုင် (8) ဂဏန်းရရှိသောနှစ် -

ယခုနှစ်သည် တနှစ်အတွင်း စိုက်ပျိုးခဲ့မှုကို ရိတ်သိမ်းသည့်ကာလရောက်ပြီ ဖြစ်သည်။ အလုပ်ကို ကြိုးစားလုပ်ခဲ့လျှင် အဆုံးမှာ ကြီးမားသော တိုးတက်မှုအခွင့်အလမ်း ရရှိလာမည့်ကာလ ဖြစ်သည်။ အဆုံးအဖြတ်ကောင်းခြင်း၊ စွမ်းဆောင်နိုင်ခြင်းမှာ စီးပွားရေး၏ လိုအပ်ချက် ဖြစ်သည်။ ယခုနှစ်သည် လှုပ်ရှားဆောင်ရွက်ရမည့်ကာလ ဖြစ်သည်။ စိတ်လှုပ်ရှားမှုကို အတတ်နိုင်ဆုံး ရှောင်ပါ။ အချို့သောအရာများ စွန့်လွှတ်ခြင်းဖြင့် ရေရှည်မှာ ကောင်းနိုင်ပါသည်။

ကိုယ်ပိုင် (9) ဂဏန်းရရှိသောနှစ် -

အဟောင်းစွန့်၍ အဆုံးသတ်ကာလ ရောက်ခဲ့ပြီ။ ၉ နှစ်တာ လည်ပတ်ခဲ့သော စက်ဝန်းတပတ်လည် ကုန်ဆုံးတော့မည်။ တွေ့ကြုံရမည့် အသစ်တွေအတွက် အသင့်ပြင်ဆင်ထားရတော့မည်။ မမျှော်လင့်ပဲ စီးပွားရေး၊ ပေါင်းသင်းဆက်ဆံရေးမှာ ဆုံးရှုံးမှု နစ်နာမှုများ ဖြစ်ရတတ်သည်။ ဤကာလမှာ သည်းခံခြင်း၊ ဂရုဏာထားခြင်း၊ ခွင့်လွှတ်ခြင်းများ ပြုရသည်။ သို့မှသာ ဉာဏ်ပညာ၊ ချစ်ခင်မှု နှင့် နားလည်မှု ရရှိမှာ ဖြစ်သည်။ ယခုနှစ်မှာ ကျမ်းမာရေး အထူးဂရုစိုက်ပါ။

ကိုယ်ပိုင် (11) ဂဏန်းရရှိသောနှစ် -

၎င်းသည် အထူးဂဏန်းနှစ် ဖြစ်သည်။ ကိုယ်ပိုင် (2) ဂဏန်းနှင့် တူသည်။ စိတ်ကူးဉာဏ်နှင့် စိတ်ကူးစွမ်းရည်ဘက် ပိုထူးခြားသည်။ အမည် ထွန်းတောက်မှု ရှိသည်။ ထိုးဖောက်သိမြင်နိုင်မှု စွမ်းအားနှင့် စိတ်ထဲဖြစ်ပေါ်သည့်အတိုင်း လုပ်ဆောင်ပါ။ အောင်မြင်မှုအကျိုး ခံစားရမည်။

ကိုယ်ပိုင် (22) ဂဏန်းရရှိသောနှစ် -

၎င်းဂဏန်းသည် အခြားဂဏန်းများထက် ထူးခြားသည်။ တတ်နိုင်သမျှ မလုပ်ပါက (4) ဂဏန်းအတိုင်း ဖြစ်သည်။ အလုပ်ကို ကြိုးကြိုးစားစားလုပ်မှု အကန့်အသတ် ရှိသည်။ (22) ဖြစ်သော ကိုယ်ပိုင်ဂဏန်းသည် အကန့်အသတ်ရှိသော အခြေအနေကို ဖော်ပြသည်။ လက်တွေ့ရော စိတ်ပိုင်းပါ ပေါင်းစပ်လုပ်ရသောကာလ ဖြစ်သည်။ ပတ်ဝန်းကျင် ကျဉ်းကျဉ်းလေးမှာ အများအကျိုး၊ လောကအကျိုးကို ဆောင်ရွက်နိုင်အောင် ကြိုးစားပါ။

ကိုယ်ပိုင်နှစ်ဂဏန်းကို တွက်ချက်နည်း ၂ မျိုးရှိပါသည်။ မိမိအနေဖြင့် ဤအချိန်ကာလ သတ်မှတ်ခြင်း ၂ မျိုးလုံးကို ပေါင်းစပ်၍ စဉ်းစားသင့်ကြောင်း အကြံပြုလိုပါသည်။
(က) ပထမနည်းလမ်း - မွေးနေ့တခုမှ နောက်မွေးနေ့ထိ အချိန်ကာလကို ကိုယ်ပိုင်နှစ်ဟု သတ်မှတ်ခြင်း။
(ခ) ဒုတိယနည်းလမ်း - ပြက္ခဒိန်နှစ်အစမှ အဆုံးအထိ အချိန်ကာလကို ကိုယ်ပိုင်နှစ်ဟု သတ်မှတ်ခြင်း။

ကိုယ်ပိုင်နှစ်ဂဏန်းများကို လေ့လာ၍ ကိုယ်ပိုင် ကံ၊ ဉာဏ်၊ ဝိရိယ၊ သတိတရားတို့ဖြစ်သာ တနှစ်တာခရီးကို အကောင်းဆုံး အခြေအနေဖြစ်အောင် ဖန်တီးသင့်သည်ဟု အကြံပြုလိုပါသည်။

မော်ဒန်သင်္ချာဗေဒ၏ လေ့လာရန် လွယ်ကူသော ပထမဦးစွာ မိတ်ဆက်ရေးသားပေးခြင်း ဖြစ်ပါသည်။ မော်ဒန်သင်္ချာဗေဒအကြောင်း ပြီးစီးပါက - ဆရာကြီး ကိုင်ရို အသုံးပြုခဲ့သောစနစ်ကို ဆက်လက်ရေးသားပါဦးမည်။


မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

@sayalu
05.01.2022



0
0
0.000
3 comments
avatar

ကိုယ်ကိုင်ဂဏာန်းတွေ တစ်ခုခြင်းအလိုက်သိရတာ ကောင်းတယ်ဗျာ။ မှတ်ထားလို့ရအောင် Reblog လုပ်ထားပါတယ်။

0
0
0.000
avatar

အခုလို ပြည့်ပြည့်စုံစုံဖေါ်ပြပေးလို့ ကျေးဇူးတင်ပါတယ်။ !PIZZA

0
0
0.000