ကျွန်တော်ပြောသော စင်္ကပူ - အပိုင်း ( ၃၂ ) ( Henry Aung )

avatar

111.jpeg

မင်္ဂလာပါ။ ကျွန်တော်၏ မပြီးပြတ်သေးသော စင်္ကပူ အတွေ့အကြုံ များ အကြောင်း ဆက်ပါအုံးမည်။ ယခုတလော ဘာရယ်မဟုတ် ဟိုယခင် အတိတ် အကြောင်း များသာ သတိရနေသည်ဖြစ်ရာ ကျွန်တော်၏ အတိတ်အကြောင်း များအား သည်းခံ၍ သာဖတ်ကြပါကုန်။

ယခင် ဆောင်းပါးတွင် ဖေါ်ပြပေးခဲ့ပြီး ဖြစ်သည့် အတိုင်း ကျွန်တော့ အနေဖြင့် ABC logistics Pte Ltd တွင် SPass ဖြင့် အလုပ်လုပ်ခဲ့ပါသည်။ လစာ တဝက်သာ ရသည့် တိုင် ကျွန်တော် စိတ်ပျက်မသွားပါ။ အဘယ့်ကြောင့် ဆိုသော် ကျွန်တော့ တွင်လည်း ကျွန်တော့ အကြံအစည်နှင့် ကျွန်တော် ဖြစ်ပါသည်။

ကျွန်တော့ ယခင် ဆောင်းပါးတွင် ဖေါ်ပြပေးခဲ့ပြီး ဖြစ်သည့် အတိုင်း Spass ဟူသည်မှာ Skill Pass ဖြစ်ကာ ဤ Spass card ရရန်အသက်မွေးဝမ်းကျောင်း ပညာ တမျိုးမျိုး ၏ ဒီပလိုမာ သို့ မဟုတ် ဘွဲ့တခုခု ရရမည် ဖြစ်ပါသည်။

ဤ တွင် တခု ဝန်ခံစရာ ရှိသည်မှာ မြန်မာပြည်တွင် ဘွဲ့ရပညာတတ်လည်း ဘားမှ လုပ်စားမရဟူသော ဘွဲ့လက်မှတ်သည် ဤ စင်္ကပူ Spass လျှောက်ရာ တွင်အလွန်အသုံးဝင်ပါသည်။ ဆိုလိုသည်မှာ မြန်မာပြည်ကဘွဲ့လက်မှတ်ဘားမှ အသုံးမကျပါဘူးဟူ၍ ကျွန်တော် ဘွဲ့မယူထားလျင် ကျွန်တော့ အနေဖြင့် Singapore Spass card ရနိုင်တော့မည် မဟုတ်ပါ။ မြန်မာပြည်တွင် စာခိုးချ၍ရလာသည် ဘွဲ့လက်မှတ် သည် မထင်မှတ်ထားပဲ အလွန် အသုံးဝင်နေပါတော့သည်။

ထို့ကြောင့် အချို့သောသူများက ဘွဲ့လက်မှတ် အတုလုပ်ကြ / ၁၀ တန်းအောင်လက်မှတ် အတုလုပ်ကြ ဖြင့် စင်္ကပူတွင် Spass Card ရရန် ကြိုးပမ်းကြပါသည်။ သို့သော် မြန်မာပြည်တွင် စင်္ကပူ သံရုံးရှိနေသည်မှာ အလကားရှိနေသည် မဟုတ်ပါ။ အချို့က ဘွဲ့လက်မှတ် အတုမှန်း စင်္ကပူ အစိုးရက သိသွား၍ Spass Card အသိမ်းခံရကာ မြန်မာပြည် ပြန်သွားရသူများလည်း ရှိကြပါသည်။

ဤ SPass ဖြင့် ABC logistics ကုမ္ပဏီ တွင် အလုပ်လုပ်ရသည်မှာ အလုပ်ချိန် များသော်လည်း မပင်ပန်းပါ။ သင်္ဘောကျင်း အလုပ်နှင့် စာလျင် အင်မတန်မှ သက်တောင့် သက်သာ ရှိသော အလုပ်ဖြစ်ပါသည်။ Warehouse ဟူသော ကုန်သိုလှောင်ရုံများမှာ အကုန်လုံး နီးပါး အဲကွန် များနှင့် ဖြစ်ပါသည်။

ပစ္စည်း သယ်ယူ ထုပ်ပိုးရသည်မှာလည်း အဲကွန်း ခန်းထဲတွင်သာ ဖြစ်ပါသည်။ ထို့အပြင် ပစ္စည်း မယူသည်ဟု ဆိုရာတွင်လည်း တွန်းလှည်း လေးနှင့် ပစ္စည်းလေးလျင် Pallet Jack ဟုခေါ်သော ပစ္စည်း မသည့် ကရိယာနှင့် မမည်လား ဘက်ထရီ Forklift ဖြင့် မမည်လား ရပါသည်။ ပြောလိုသည်မှာ လူပင်ပန်းစရာ မလိုပါ။ ချွေးထွက်စရာ မလိုပါ။ မြန်ဆန် သွက်လက်ရန်သာ လိုပါသည်။

တရက်တရက် ကျလာသည့် အော်ဒါများအား ပြီးအောင် လုပ်နိုင်ဖို့သာ လိုပါသည်။ ဆိုရလျင် ကျွန်တော့ အတွက်တော့ ဤ Warehouse Supervisor ဆိုသည့် အလုပ်မှာ Comfort Zone သာ ဖြစ်ပါသည်။ ဆိုလိုသည်မှာ နေ့စဉ်သာသာယာယာ ဖြင့် လစာရနေသော နေရာ ဖြစ်ပါသည်။

အချို့လူများ အတွက်တော့ Comfort Zone မှာ သာယာဖွယ်ရာ နေရာ အားကျဖွယ်ရာ နေရာ ဖြစ်သော်လည်း တိုးတက်လိုသော လူငယ်များ မိမိ​ရှေ့ရေး အတွက် စိန်ခေါ်မှုများအား ရင်ဆိုင်လိုသော လူငယ်များ အတွက်တော့ တကယ့် အန္တရာယ် ဖြစ်ပါသည်။

အဘယ့်ကြောင့် ဆိုသော သာသာယာယာဖြင့် လစာရနေသည် ပင်ပင်ပန်းပန်းလည်း လုပ်စရာမလို မည်သည့် စိတ်ဖိစီးမှုမှ မရှိသော ကြောင့် အခြား မည်သို့သော အလုပ်သို့မျှ မပြောင်းလိုတော့ပါ ၊ နောက်ထပ် ရာထူးလည်း မတိုးချင်တော့ပါ ၊ ထိုနေရာတွင်သာ သာသာယာယာ ရှိနေလိုခြင်း ဖြစ်ပါသည်။

မယုံမရှိပါနှင့် ကျွန်တော့နှင့်အတူ Warehouse တွင် အတူအလုပ်လုပ်ခဲ့ကြသူများမှာ ယခု အချိန်ထိ ထို ဒေါ်လာ ၉၀၀ ( ယခုတော့ ၁၂၀၀ လောက် ရမည် ထင်ပါသည် ) ဖြင့် Warehouse တွင် တနေ့ ၁၂ နာရီ ပျော်ပျော်ကြီး လုပ်နေကြဆဲဖြစ်ပါသည်။ အလုပ်ချိန် တနေ့ ၁၂ နာရီ ဖြစ်သည့် အတွက် မည်သို့မျှ အချိန်ပိုင်း ကျောင်းတက်ရန် မဖြစ်နိုင်ပါ။

မိမိကိုကိုယ် တိုးတက်အောင်လုပ်ရန် မည်သို့မျှ အခြေအနေမပေးသဖြင့် ထိုသူတို့၏ ဦးနှောက် သင်ယူမှုသည် လွန်ခဲ့သော ၁၀ နှစ်ကျော် ကတည်းက လုံးဝ ရပ်သွားပြီဟု ဆိုရမည် ဖြစ်ပါသည်။ လူငယ်တယောက်အဖို့ အသက် ၂၀ ကျော် အရွယ်သည် သင်ယူမှု အားကောင်းသော အရွယ် သိလွယ် တတ်လွယ်သော အရွယ် ဖြစ်ပါသည်။

၃၀ ကျော် အရွယ်သည် ပညာ နှင့် အလုပ်လုပ်ရင်း မိမိအသက်မွေးဝမ်းကြောင်း ပညာတခုအတွက် တစိုက်မတ်မတ် အာရုံစိုက်ရတော့မည် ဖြစ်သလို ၃၀ ကျော်အရွယ်သည် အိမ်ထောင် သည် ဖြစ်သွားကြပြီ ဖြစ်သော ကြောင့် ပညာသင်ကြား ရေးတွင် စိတ်သွားတိုင်း ကိုယ်မပါနိုင်ကြတော့ပါ။

၄၀ ဆိုလျင် အရာရာ အဆင်သင့် ဖြစ်နေရမည့် အရွယ်ဖြစ်ပါသည်။ ၅၀-၆၀ သည် မိမိပညာ နှင့် အတွေ့အကြုံအား အခြားသူများအား လက်ဆင့်ကမ်း ရမည့် အရွယ်ဖြစ်ပါသည်။ ထို့ကြောင့် ၂၀ ကျော် လူငယ်တယောက်သည် ငယ်ငယ်ရွယ်ရွယ် နှင့် Comfort Zone တွင် ကျရောက်သွား၍ သာယာတတ်သွားပြီဆိုလျင် သူ၏ ဘဝတက်လမ်းသည် ပိတ်သလောက် ဖြစ်သွားပြီ ဖြစ်ပါသည်။

ဤသည်မှာ Warehouse အလုပ်နှင့် ပတ်သက်၍ ရှင်းပြရခြင်းသာ ဖြစ်၍ Hive Platform တွင် ရှိနေကြသော လူငယ်များကလည်း မိမိမည်သည့် နေရာတွင် ရှိနေသည်ကို ဤ Comfort Zone သဘောတရားဖြင့် ချိန်ကြည့် စေလိုပါသည်။

မိမိက ဤ အလုပ်ကို လုပ်နေသည်မှာ ပျော်စရာတော့ကောင်းပါသည် သို့သော် စဝင်လာကတည်းက ၃ နှစ်ပြည့်သည့်တိုင် မည်သို့သော အသိပညာမှ တိုးမလာပါဆိုလျင်ဖြင့် မိမိရှေ့ရေး အတွက် စဉ်းစားရန် လိုပါလိမ့်မည်။ လိုအပ်၍သာ ရေးပြရပါသည်။ မြန်မာပြည် အတွက်တော့ Comfort Zone အသာထား အလုပ်တခု ရလျင်ပင် ထီပေါက်သလောက် ဝမ်းသာရမည်ကဲ့သို့ရှိသောကြောင့် ဖြစ်ပါသည်။ ရှိစေတော့။ စင်္ကပူ အကြောင်းသာ ဆက်ကြပါအုံးစို့။

ကျွန်တော့ အနေဖြင့် ဤ ABC logistics Pte Ltd ဖြင့် Warehouse အတော်များများတွင် အလုပ်လုပ်ခဲ့ရပါသည်။ အရက်ပုလင်းများထုပ်ပိုးသော Warehouse/ အချိုရည် များ ထုပ်ပိုးသော Warehouse / လျပ်စစ်ပစ္စည်း( Philip ) များ ထုပ်ပိုးသော Warehouse စသည်ဖြင့် နေရာ အတော်များများတွင် အလုပ်လုပ်ရပါသည်။

နောက်ဆုံး Pensing ဟူသော ကုမ္ပဏီ Warehouse တွင် ကျွန်တော့ အား သဘောကျသော ကြောင့် Pensing က ကျွန်တော့အား ပုတ်ပြတ် ငှား လိုက်သော အခါမှ ကျွန်တော့ အနေဖြင့် အခြားသော Warehouse သို့ သွားစရာမလိုတော့ပဲ Pensing တွင်သာ အထိုင်ကျ သွားရပါတော့သည်။

ဤ Pensing Warehouse သည် ကျွန်တော့ ဘဝအတွက် အရေးကြီးသော အချိုးအကွေ့ တနေရာ ဖြစ်လာမည့် Warehouse ဖြစ်ပါသည်။ Pensing ဟူသော ကုမ္ပဏီ သည် အရှေ့တောင်အာရှ နိုင်ငံများသို့ စာအုပ်ပေါင်းစုံ ဖြန့်ချီသော ကုမ္ပဏီ ဖြစ်ပါသည်။

စာအုပ်ပေါင်းစုံ ဆိုသည့် အတိုင်း ကလေးများဖတ်သော ကာတွန်း စာအုပ်မှ စပြီ သိပ္ပံ ပညာ ကွန်ပြူတာ IT စာအုပ်များ အထိ ဖြန့်ချီပါသည်။ ကုန်ကုန် ပြောရလျင် အင်္ဂလိပ်စာ ဖြင့် ရိုက်နှိပ်ထုတ်ဝေသော စာအုပ် မှန်သမျှ ( သတင်းစာ / မဂ္ဂဇင်း ) များမှလွဲ၍ စာအုပ်မှန်သမျှ Pensing တွင်အကုန်ရှိပါသည်။

Pensing Warehouse သည် စာအုပ်ရေ သန်း နှင့်ချီ၍ ရှိသော စာပေ ဖြန့်ချီရေး Warehouse ဖြစ်ပါသည်။ ကျွန်တော့ တာဝန်မှာ ဤ Pensing Warehouse သို့ ဝင်ရောက်လာသော စာအုပ်မှန်သမျှအား လက်ခံ ကာ စာအုပ်များ နေရာတကျ ရှိစေရန် ကွန်ပြူတာ အကူအညီဖြင့် အလုပ်လုပ်ရသော Inbound ဟူသော နေရာတွင် Supervisor အနေဖြင့်တာဝန်ယူပေးရပါသည်။

ဆက်လက်ဖေါ်ပြပေးပါမည်။

Henry Aung ( Kachin )

22/01/2022 - Saturday - 18;21 Pm



0
0
0.000
20 comments
avatar

အသက် ၂၅​လောက်ထဲက Comfort zoneထဲ ​ရောက်ခဲ့ပါတယ် ကိုဟင် အဲ့အချိန်ကတည်းက ရုန်းကန်ချင်စိတ်မရှိ​တော့ဘဲ သက်​တောင့်သက်သာ​နေရတဲ့ ဘဝကြီးကို သာယာတက်သွားတာ

0
0
0.000
avatar

အခုလည်း သာသာယာယာပဲ ဟုတ်..?နေတတ်ရင် ကျေနပ်စရာကြီးပါ မြန်မာပြည်မယ်..😃😃😀😁 !LUV !LOL

0
0
0.000
avatar

comfort zone အတွက် မီးမောင်းထိုးပြပြီး ရေးသားထားတာ အသိပညာတိုးစေပါတယ်အစ်ကို...နောက်အပိုင်း စောင့်မျှော်အားပေးပါ့မယ်...!PIZZA

0
0
0.000
avatar

အဲသလို အားပေးတော့ ရေးအားရှိပါတယ်လို့။ ကျေးဇူး အများကြီးတင်ပါတယ်။ !PIZZA

0
0
0.000
avatar
(Edited)

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
htwegyi tipped kachinhenry (x1)
uthantzin tipped kachinhenry (x2)
@kachinhenry(3/15) tipped @nweoomon (x1)
kachinhenry tipped uthantzin (x1)
naythan tipped kachinhenry (x1)
kachinhenry tipped johndieo (x1)

Join us in Discord!

0
0
0.000
avatar

comfort zone အတွက် မီးမောင်းထိုးပြပြီး ရေးသားထားတာ အသိပညာတိုးစေပါတယ်အစ်ကို...နောက်အပိုင်း စောင့်မျှော်အားပေးပါ့မယ်...!PIZZA

0
0
0.000
avatar

Comfort Zone မြန်မာပြည်မှာ အပေါဆုံးဗျို့။
ကိုယ်တွေ ကိုယ်တိုင် သာယာလာခဲ့တာ။
!PIZZA
!LOL

0
0
0.000
avatar

ကျွန်တော့ အထင် မြန်မာပြည်က Comfort Zone က လဝက နဲ့ အခွန် ဦးစီးဌာန လောက်ပဲ ရှိမယ် အောက်မေ့တာ....နေရာတိုင်း ရှိနေတာကိုး...😁😁😁 !LOL

0
0
0.000
avatar

တစ်ချို့ကတော့ ရုန်းကန်ရတာကြိုက်တယ်

တစ်ချို့ကတော့ အေးဆေးသက်တောင့်သက်သာ နေရတာကို ကြိုက်နေပြန်ရော

0
0
0.000
avatar

အေးဆေး နေလိုသူတွေကတော့ မြန်မာပြည်က ရုံးအလုပ်နဲ့ အဆင်ပြေတယ်...😁😁 !LOL. !PIZZA

0
0
0.000
avatar

ဗဟုသုတရပါပေတယ်။ ကိုယ်မရောက်ဖူး၊ မကြုံဖူးသောနေရာတွေ အတွေ့အကြုံတွေ ဖတ်ရသိရတာ ကျေးဇူးတင်ပါတယ်။

0
0
0.000
avatar

ခုလို အားပေးတော့ ရေးရတာ အားရှိပါ့... ကျေးဇူးတင်ပါတယ် !PIZZA

0
0
0.000
avatar

ဗဟုသုတတွေရလို့ မျှဝေပေးတာကျေးဇူးပါ အကို
!PIZZA
!LUV

0
0
0.000
avatar

အဲသလို အားပေးတော့ ရေးအားရှိပါတယ်လို့။ ကျေးဇူး အများကြီးတင်ပါတယ်။ !LUV

0
0
0.000