ပြန်လည်သတိရမိပါသော နွေ

avatar
(Edited)

img_0.7621092795142147.jpg

နွေရာသီကို ကျော်ခဲ့ပြီ ဟု ထင်ပေသည်။
မိုးဦးက စောခဲ့လေသလား။ သို့ပေသိ
နေ့လယ် နေ့ခင်းမှာတော့ နေပူရှိပါက
ပူသေးသည်။ နေ့ပူပြီး ညအခါ မိုးရွာ
နေတတ်သည်။ နွေအဆုံး နိဂုံး ဆုံးတော့
မိုးကို နိဒါန်းစပေမည်။

နွေရာသီနှင့် မိုးရာသီ ဆိုပြီး စဖွင့်ရေးသား
နေသည်။ ဘာအကြောင်းရေးမလို့ပါလိမ့်။
အင်း စာရေးနေရင်း ရေးမည်အကြောင်း
မေ့သွားပါရောလား။ အင်း ဒုက္ခ ဟုသာ
တရပေမည်။

အဲ သတိရပြီဗျို့။ နွေရာသီ
နွေရာသီမှာ ပျော်စရာကောင်းသည်
ပိုးအိစံ သီချင်း သွားသတိရနေတာ။
ငယ်စဉ်က နွေရာသီမှာ ရေနွေးရောင်းတာ
သတိရသည်။ မန်းဘူတာကြီး
နွေကျောင်းပိတ်ချိန် ရေနွေးရောင်း‌ကောင်းသဗျို့။
နွေရာသီမှာ အောက်ပြည် အောက်ရွာက
ငါးခြောက်ရောင်းလာသူ၊ အညာဒေသက
ရှမ်းပြည်ကို လက်ဖက်ခူးထွက်လာသူများဖြင့်
မန်းဘူတာကြီးက စည်ကားလွန်လှသည်။

ထို အောက်ပြည် အောက်ရွာက လူများနှင့်
အညာဒေသမှ လူများသည် အုပ်စုဖွဲ့လာကြသည်။
သူရို့တတွေကို ငထွေးတို့က အိမ်ကိုခေါ်လာ
သည်။ ငထွေးတို့နေသည့် 78လမ်းအနောက်ဖက်၊
26/28လမ်းကြားတွင် ယခင်က ရေများ
ဖောဖောသီသီရှိခဲ့သည်။ ကျုံးရေမှ ရသည့်
ရေဘုံဘိုင်၊ မီးရထားမှ ပေးသည့် အဝီစိ
ရေစက်ကြီးများက နေ့ ည မပျက် ရေလျှံသည်။

img_0.32571560627125434.jpg

ထိုကြောင့် အဆိုပါ အုပ်စုများကို ငထွေးအိမ်သို့
ခေါ်ကာ ရေချိုးစေသည်။ ဘူတာကြီးမှာ
ရေချိုးပါက ပိုက်ဆံပေးရသည်။ ငထွေးတို့က
ဖရီးချိုးခိုင်းသည်။ ဟယ် သဘောကောင်း
တယ်ကွ ဟု မထင်နဲ့အုံး။ ရေးပြအုံးမယ်
အကျိုးလိုလို့ ညောင်ရေလောင်းတာ။
ဂလို့ သူရို့တွေကို ရေအလကားချိုးစေပြီး
ထမင်းအိုးချက်စေပါသည်။

နားရှုပ်သွားသလား မသိဘူး။ ဒီလို
ခရီးသွားတဲ့အခါ တဦး၊ တယောက်ထဲခရီးသွားခြင်း၊
သို့မဟုတ် မိသားစု ခရီးသွားသည့်အခါ
အလည်အပတ်သဘောသွားပါရင် ကိုယ့်အိမ်က
ခရီးရက်အတွက် အစားအသောက်များကို
ပြီးပြည့်စုံအောင် စီမံပြီးသွားကြသည်။
ယခု အုပ်စုများက အပျော်ခရီးသွားခြင်းမဟုတ်
ကြပေ။ တလ၊ နှစ်လကြာအောင် အလုပ်
သွားလုပ်ကြခြင်းဖြစ်သည်။

ထိုကြောင့် ထိုအရပ်၌ ချက်ပြုတ်စားသောက်ဖို့
ဆန်၊ ဆီ၊ ဆားနှင့် ဟင်းချက်စရာ အခြောက်
အခြမ်းများပါထဲ့ခဲ့ကြသည်။ ပြီးတော့ မိသားစုအားလုံးနီးပါး လာရောက်ကြသည်။
သူရို့ အုပ်စုနှင့် ထမင်းဝယ်စားဖို့ အကုန်ကျ
များပေမည်။ သူရို့မှာပါလာသော ဆန်ကို
ချက်စားကြသည်။ သူရို့ ထမင်းအိုးများ
ဆန်များဖြင့် သူရို့ဖာဟာ ချက်ပြုတ်ကြသည်။

ငထွေးတို့က ဘာစိုက်ပေးရသလဲဆိုပါရင်
ထင်းနှင့် ရေသာ စိုက်ထုတ်ပေးရသည်။
ထိုသို့ ထမင်းတအိုးချက်ခ ငွေကျပ်နှစ်ရာ
ရပါသည်။ သူရို့အတွက်လည်း အဆင်ပြေ
ကိုယ်တွေအတွက်လည်း ငွေရ။ ထိုအချိန်က
ပျော်စရာ ကောင်းခဲ့သည်။ အုတ်နီခဲ နှစ်ခဲ
ဖြင့် ထမင်းအိုး မီးဖိုများက အိမ်ဘေးမှာ
သုံးလေးငါးဖိုရှိပေသည်။ သူရို့က ကျေးဇူးတင်
ပါသဖြင့် လက်ဖက်ခြောက်ခူးပြီး အိမ်အပြန်
ခရီးတွင်လည်း ငထွေးတို့ဆီ လာရောက်
ချက်ပြုတ်ပြီးပြန်ကြသည်။ အိမ်အပြန်
လက်ဆောင် ရှမ်းပြည်လက်ဖက်ခြောက်များကို
ပင် အပြိုင်အဆိုင် ပေးသွားခဲ့ကြပါသေးသည်။
အော် သတိရမိပါသောနွေ။

@htwegyi
17-5-2025



0
0
0.000
0 comments